တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား လာရောက်ရှင်းလင်းတင်ပြ 

ထားဝယ်    ဧပြီ ၂၈

တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား လာရောက်ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည် သယံဇာတပေါကြွယ်ဝသောဒေသဖြစ်ပြီးသယံဇာတများကိုအကျိုးရှိစွာအသုံးချမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုများတွင်များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ မိမိဒေသ၏ထွက်ကုန်များအပေါ်မူတည်ပြီး ဒေသအကျိုးအတွက်ကို လုပ်ကိုင်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်းများစွာကောင်းမွန်ပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ရေလုပ်ငန်း၊ တွင်းထွက်သယံဇာတလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများရှိပြီး မြိတ်၊ ကော့သောင်း အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားငွေ ရရှိရေးအတွက်ကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့်ဒေသဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း အနေဖြင့် သဘာဝ အရင်းအမြစ် များစွာရှိပြီးအလုပ်အကိုင်အခွင့်အလမ်းများတွင် အထောက်အကူဖြစ်ကာ ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းများအား ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ် များသည် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး မိမိဒေသတွင် လူစွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေး စီမံချက်များထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိဒေသမှာရှိသော လုပ်ငန်းများကို လုပ်ငန်းရှင်များက  စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ပါက HR များ ထိန်းနိုင်မည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်မှုသည်လုပ်ငန်းရှင်များမပါရှိက ဆောင်ရွက် ၍မရကြောင်း၊ မြိတ်ဒေသတွင် စည်းလုံးညီညွတ်စွာ ပြည်သူ့အကျိုးစီးပွားများကို ဆောင်ရွက်နေသည်ကို တွေ့ရှိရသောကြောင့် ကျေးဇူးတင်ရှိကြောင်း၊ ဒေသဖွံဖြိုးတိုးတက်မှုသည် မိမိဒေသတွင်ရှိသောလုပ်ကိုင်နိုင်မှုစွမ်းရည်အပေါ်မူတည်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှပ်နှံမှုများတွင် မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရက MSME လုပ်ငန်းများကို အားပေးလျက်ရှိပြီး မိမိဒေသဖွံဖြိုးတိုးတက်ရန်အတွက် ထုတ်ကုန်များစွာ လိုအပ်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများဖြင့် အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များရှိကြောင်း၊  မိမိဒေသမှထွက် ရှိသော ထုတ်ကုန်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချနိုင်အောင် စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းဝန်းကာ အကြံဉာဏ်များ ပေးပြီးဆောင်ရွက်မည်ဆိုပါကနိုင်ငံခြားဝင်ငွေများစွာရရှိနိုင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ဒေသဖွံ့ဖြိုးတိုးတက် ရေး အတွက် ပြည်သူများ၏ အသံများကို နားထောင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အား ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော ကြောင့်ပြည်သူ့များ၏ လိုလားချက်၊ အသံများကို နားထောင်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှ ိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လုပ်ကိုင်နိုင်သူများအား ရွေးချယ်ပြီး တာဝန်ကိုယ်စီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်လုပ်ရာတွင် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်ပါက ပြည်သူများက ပိုမိုယုံကြည်ကိုးစားလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အဓိက ရေလုပ်ငန်းကို အားထားလျက်ရှိပြီးစိုက်ပျိုးရေး၊ မွေးမြူရေးသည်လည်းအရေးကြီးကြောင်း၊ မိမိဒေသဖူလုံမှုသည် မိမိဒေသမှထွက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အစား အသောက်ပါ အရေးကြီးကြောင်း၊ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို လာရောက်ရှင်းလင်း တင်ပြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက မြိတ်မြို့နယ် တွင်ရှိသောအပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းဆွေနွေးပြောကြားပြီး မြိတ်ကော်ပို ရေးရှင်းအများ နှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)