ကြို့ပင်ကောက် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား လက်ဝယ်မရှိသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက နွယ်ခွေရပ်ကွက် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
နွယ်ခွေရပ်ကွက်ဒေသခံများအတွက် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစီစစ်ရေးကတ်များ၊ UID smart card များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးပြီး ဒေသခံများအား နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားဖို့လိုအပ်ကြာင်း မှာကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာမြို့နယ်ရုံး၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)