မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မင်းဘူး ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းမြတ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီးနောက် တာဝန်ရှိသူများက ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်းနှင့် စေတုတ္တရာ မြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံ စီမံကိန်းရည်မှန်းချက်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။

မင်းဘူးခရိုင်အတွင်း၌ မြို့ပြနှင့်ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နှစ်စဉ်စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ခရိုင်နှင့် မြို့နယ်(၅)မြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လယ်/ယာစိုက်ပျိုးရေး၊ သားငါး၊ သစ်တော၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ လျှပ်စစ်၊ ဆောက်လုပ်မှု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ ကုန်သွယ်ရေးနှင့် အခြားဝန်ဆောင်မှုစသည့် ကဏ္ဍများအတွက် မကွေးတိုင်းဒေသကြီးဘတ်ဂျက် ငွေလုံးငွေရင်းဘဏ္ဍာရံပုံငွေမှ ခွင့်ပြုငွေ ၁၅၀၅၉ ဒသမ ၀၂၉ ကျပ်သန်းဖြင့် ရင်းနှီးမြှုပ်နှံ၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ရည်မှန်းချက်မှာ ကျပ်သန်းပေါင်း ၂၀၃၉၀၁၈ ဒသမ ၇ ကျပ်သန်းရရှိရန်နှင့် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းမြတ်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)