လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ Positive ၈ ဦးတွေ့ရှိ

လက်ပံတန်း  ဇန်နဝါရီ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်တွင်းသို့ ဒေသအသီးသီးမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ များတွင် အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ စစ်ဆေးပေးလျက်ရှိသည်။

သို့ဖြစ်ရာ ကျန်းမာရေးဝန်​ကြီးဌာန၏ ဇန်နဝါရီ ၁၄ ရက်ည ကိုဗစ် အတည်ပြုလူနာစာရင်း ထုတ်ပြန်ချက် အရ လက်ပံတန်းမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူများထဲမှ လှိုင်သာယာပြန်(၂)ဦး၊ မင်္ဂလာဒုံပြန်(၁)ဦး၊ ကြည့်မြင်တိုင်ပြန်(၁)ဦး၊ ရွှေပြည်သာပြန်(၁)ဦး၊ သာကေတပြန်(၁)ဦး၊ ကော့မှူးပြန် (၁)ဦး၊ တရုတ်နိုင်ငံပြန်(၁)ဦး၊ စုစုပေါင်း (၈) ဦး ပိုးတွေ့ရှိကြောင်း သိရပြီး GTI ကုသရေးစင်တာတွင် ထားရှိကုသပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း (၄၉၀) ဦးရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်၍ ပြန်လည်စေလွှတ်သူ (၄၇၀)ဦး၊ ဆေးကုသနေသူ (၁၈)ဦး၊ သေဆုံးသူ (၂)ဦး ရှိခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး