သာယာဝတီ ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ ခရိုင် ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်ကြီးကြပ်မှုကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းထွန်းက အုပ်ချုပ်ရေး အဆင့်ဆင့် ဖွဲ့စည်းမှုများ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့၌ ပြည့်စုံရမည့် အရည်အချင်းများ၊ ရွေးချယ် ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်များကို (Power Point) ဖြင့် ရှင်းလင်း ပြသခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက် လာသူများက မရှင်းလင်းသည့် အချက်များနှင့် သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)