မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံဆွေးနွေးပွဲကျင်းပ

မုံရွာ ဧပြီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမုံရွာမြို့နယ် ဦးစီးမှူးရုံး၏၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်က တောင်သူတွေ့ဆုံပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာတင်မာမာဦးက မိုးရာသီ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းလမ်းများအားလည်းကောင်း၊ တက်ရောက်လာသော ခရိုင်အဆင့် မွေးမြူရေးနှင့်ကုသရေးဦးးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများက ဌာနနှင့်သက်ဆိုင်သော လုပ်ငန်း ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၃) ရွာမှ တောင်သူ (၆၁) ဦး၏ သိလိုသည့်မေးမြန်းမှုများကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)