ကျိုက်လတ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီခန့်က ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများအား တာဝန်ပေးအပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား တာဝန်ပေး အပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေး အဖွဲ့များရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)