ဒေးဒရဲ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လှူဒါန်းပွဲတွင် ဖျာပုံခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဖျာပုံခရိုင် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်းတွင် အဝီစိရေတွင်း တူးဖော်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (မိသားစု) က လှူဒါန်းသည့် အလှူငွေ ၂ သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပေးအပ် လှူဒါန်းသော တစ်ကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံ၊ ခွဲခန်းသုံးလက်အိတ်၊ Face Shield၊ ရေမလို လက်သန့်ဆေးရည်၊ အရက်ပြန်များ၊ Oxygen ဗူးများနှင့် အခြားကျန်းမာရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများအား ဖျာပုံခရိုင် ကိုဗစ်-၁၉ ကော်မတီ နာယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် တာဝန်ရှိသူ များက ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)