မကွေး ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်ကြီးများ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ထမ်းဆောင်နေကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့က ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အမှူးပြုသော ဧည့်ပရိတ်အပေါင်းတို့က အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်ဩဝါဒါစရိယ ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသောဘဏ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဆရာတော်အရှင်သူမြတ်တို့ဘုရား ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်း ၅၀၀၀ မက ကြာအောင် ကမ္ဘာတည်သရွေ့ တည်တံ့ထွန်းကားပြန့်ပွားနေစေရန် ဆရာတော်သံဃာတော်များက သာသနာရေးကိစ္စများကို ဓမ္မစက်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်တော်မူနေကြသလို ဘုရားတပည့်တော် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့၏ လိုအပ်ချက် ဆုံးဖြတ်ချက်များတွင် အာဏာစက်ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များ၌ မပေါ့မဆကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘုရားတပည့်တော်တို့ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဆရာတော်ဘုရားကြီးများမှ လောကဓမ္မနှစ်ဌာနတို့နှင့် ဆက်စပ်သော ကိစ္စရပ်မှန်သမျှတို့ကိုလည်း ဘုရားတပည့်တော်အပါအဝင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ အားလုံးတို့အား လိုအပ်သော ဩဝါဒများကိုလည်းပေးတော်မူနိုင်ပါရန်နှင့် နိုင်ငံတော်နှင့် သာသနာတိုးတက်ထွန်းကားစေရန် ဆရာဒကာ လက်တွဲညီစွာဖြင့် အထူးဂရုပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသောဘဏ အမှူးပြုသော ဆရာတော်ကြီးများထံမှ ဩဝါဒကထာ နာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်ကြီးများထံ ပရိက္ခရာ(၈)ပါးခြင်းများနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ၊ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)