မုံရွာ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)ခုရှိ ကျေးရွာ(၁၀)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၌ ပြည်ထောင်စု အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
“ တိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော်နေတဲ့ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းက ကိုရီးယား နိုင်ငံအကူအညီနဲ့ ကျေးရွာ(၁၀)ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ကျေးရွာ (၁၀) ရွာကို အခုလက်ရှိ လုပ်ဆောင်နေတယ်၊ အခုဘဏ္ဍာရေးနှစ်မှာတော့ ပြည်ထောင်စု အစီအစဉ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့မြို့နယ် (၉) မြို့နယ်က ကျေးရွာ (၁၀) ရွာမှာ အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စစ်ကိုင်း၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင်၊ တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှစတင်ပြီး ပြည်ထောင်စုအစီအစဉ်ဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)