ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ် အစားအစာ ထောက်ပံ့ငွေနှင့် အားတိုးဆေးများ ထောက်ပံ့ပေးအပ်

ပြည် ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဖွဲ့များနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမရှိ ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့သွားရောက်၍ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ် အစားအစာ၊ ထောက်ပံ့ငွေနှင့် အားတိုးဆေးများထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့်အဖွဲ့သည် ကိုယ်ဝန်ဆောင်မိခင်များနှင့်တွေ့ဆုံ၍ ကိုယ်ဝန်ဆောင်ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးကာ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ကိုယ်ဝန်ဆောင် (၁၅) ဦးအတွက် တစ်ဦးလျှင် ကြက်ဥ၊ ဆီ၊ ဆား၊ ငှက်ပျောသီး၊ ကိုယ်ဝန်ဆောင်အားတိုးဆေးနှင့် ငွေကျပ် (၅၀၀၀ဝိ/-) စီတို့အား ထောက်ပံ့ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့သည် သားဖွားခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး မွေးဖွားပြီးမိခင် (၂) ဦးနှင့် မွေးဖွားမည့် မိခင် (၁) ဦးတို့အား ကြက်ဥ၊ ဆီ၊ ဆား၊ ငှက်ပျောသီးနှင့် ငွေကျပ် (၅၀၀၀ဝိ/-) စီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းတွင် တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမ (၁) ဦး၊ အရံသားဖွားဆရာမ (၁) ဦးနှင့် သန့်ရှင်းရေးလုပ်သားတို့အား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)