ကျောက်ကြီး ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ စီမံညွှန်ကြားမှုအရ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်းပြီး ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းနှင့် ဘင်ခရာ (အခြေခံ) သင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း တက်ရောက်အမှာ စကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မြို့နယ်ကို အကျိုးပြုနိုင်မည့် အတတ်ပညာတစ်ခု တတ်မြောက်နိုင်စေရန်ရည်ရွယ်ပြီး စေတနာလုပ်အားရှင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ကူညီပံ့ပိုးမှုဖြင့် ယခုလိုသင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းနှင့်ဘင်ခရာ (အခြေခံ) သင်တန်း (၁/၂၀၂၆) တို့တွင် သင်တန်းသား/သူ (၃၇) ဦးအား သင်တန်းကာလ ရက်ပေါင်း (၄၀) နီးပါးဖြင့် သင်ကြားပို့ချဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အခြေခံဘင်ခရာသင်တန်းဆင်းလက်မှတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းကလည်းကောင်း၊ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းလက်မှတ်များအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်းကောင်း သင်တန်းသူ/ သင်တန်းသားများ လက်သို့ပေးအပ်ကာ၊ သင်တန်းနှစ်ခုလုံးတွင် ထူးချွန်သူ သင်တန်းသူ/ သင်တန်းသားများနှင့် သင်တန်းပျက်ရက်အနည်းဆုံးသင်တန်း တက်ရောက်ခဲ့သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ပြီး၊ မြို့နယ်ပညာရေးမှူး ဦီးခင်မောင်ထွေးက ကျေးဇူးတင်ဝမ်းမြောက် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲမှ တာဝန်ခံ ဆရာ/ ဆရာမများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ပြီး အခြေခံဘင်ခရာသင်တန်း သင်တန်းသူ/ သင်တန်းသားများ၏ ဘင်ခရာတီးခတ်ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)