စလင်း ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူများအတွက်၊ မြို့နယ်အတွင်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ္တမြား၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းမြိုင်က မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အမှာစကားပြောကြားရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများမှ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့ချကိရိယာနှင့်ပတ်သက်၍ဆွေးနွေးခြင်း မိုးရာသီစိုက်ပျိုးရေးစာရိတ်ချေးငွေလုပ်ငန်း ကျေးရွာမြေငှာဂရမ်များ ဘုန်းတော်ကြီးကျောင်းဆောက်လုပ်မည်အစီအစဥ် ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်သည့်အကြောင်းအရာများ နိုင်ငံစီးပွားချေးငွေကိစ္စရပ်များ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး၊ အခွန်ငွေကောက်ခံရေးနှင့် သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပွဲတော်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ စီမံကိန်းတာဝန်ပေးအပ်ပွဲ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်မည့်လုပ်ငန်းများ ကျောင်းအပ်နှံရေးဆောင်ရွက်မှု ရက်(၁၀၀)စီမံကိန်းလုပ်ငန်းများ ဌာနဆိုင်ရာနှင့်ပြည်သူပူးပေါင်းဆောင်ရွက်မှုများကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့မိမြို့ဖဦးစိန်လင်းကဌာနဆိုင်ရာ၏လုပ်ငန်များကိုထပ်ဆင့်ဆွေးနွေးခဲ့ပြီး ရပ်ကွက်များအလိုက် ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်နေမှုများ အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်လုပ်ငန်းဆောင်ရွက်နေမှုများပေါ် အခက်အခဲများရှိပါက တင်ပြဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်၊ လွှတ်တော်အတွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုအပ်မှုများနှင့်အခက်အခဲများကို အချိန်မရွေးတင်ပြဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့ကြ သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က လိုအပ်သည်များကိုထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)