ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော် ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပခုက္ကူ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ရပ်နီးရပ်ဝေးမှ ဈေးသည်များ၊ ဒေသခံဈေးသည်များ စုပေါင်း၍ ဈေးဆိုင်ခန်းပေါင်းမြောက်များစွာဖြင့် ခေတ်ပေါ်အဝတ်အထည်ဒီဇိုင်းအရောင်းဆိုင်များ၊ ချက်ပြုတ်ရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ အညာဒေသထွက်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ တောင်သူလယ်သမားသုံးပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများအပြင် မိဘပြည်သူများ စိတ်အပန်းပြေနိုင်စေရေးအတွက် ကလေးကစားစရာနေရာများ၊ ပင်လယ်ဓားပြအပါအဝင် အပျော်စီးနေရာများ စီစဉ်ထည့်သွင်းသွားမည်ဖြစ်ပြီး သီဟိုဠ်ရှင်ကဇာတ်ရုံတွင် မေလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ စမ်းရေမိုးဇာတ်အဖွဲ့နှင့် ဇွန်လ ၃ ရက်မှ ၇ ရက်နေ့အထိ ကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့၏ ဇာတ်အလှသဘင်ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဈေးရောင်းပွဲတော်အတွက် ယခင်ဆိုင်ခန်းရှင်များအား မေလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိနှင့် ဆိုင်ခန်းရှင်အသစ်များအား မေလ ၉ ရက်မှ ၂၂ရက်နေ့အထိ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။

အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)