အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ ( မြေပဲ ) သီးထပ်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး

အင်းတော်  ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာပြန့်ပွားရေး စင်တာနယ်မြေ အတွင်းရှိ နန့်သာကျေးရွာ တောင်သူ ဦးမောင်ထွေး၏ လယ်ယာမြေကွက်တွင် ဆောင်းသီးနှံ (မြေပဲ) သီးထပ် စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့်  မိမိတို့၏ လယ်မြေ၊ ယာမြေများ အတွင်းတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများတိုးလာအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်း အောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နည်းပညာ အခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ် အကူအညီ တောင်းခံ နိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အင်းတော်မြို့နယ် အနေဖြင့် ယခုဇန်နဝါရီလ (၁၅) ရက်နေ့အချိန်ထိ ဆောင်းသီးနှံ သီးနှံစုံဧက ငါးသောင်းခွဲကျော် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့ ကြောင်းသိရသည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)