မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၂

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဠ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်း လူငယ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက  ယခုဖွင့်လှစ်သည့် လေကြောင်းလူငယ်သင်တန်း(အခြေခံ)သည် လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိတို့အတွက် အသိပညာနှင့် အတတ်ပညာရပ်ပိုင်းဆိုင်ရာတွင် အထောက်အကူပြုမည့် လေကြောင်းသိပ္ပံပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန် ရည်ရွယ်၍ နှစ်စဉ် စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နောင်တစ်ချိန်တွင် လေကြောင်းပညာရပ်ဆိုင်ရာ မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် သက်ဆိုင်ရာစာပေနှင့် လက်တွေ့ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး  RC လေယာဉ်၊ရဟတ်ယာဉ်၊ Drone မောင်းနှင်းခြင်း၊ RC Simulator မောင်းနှင်ခြင်းနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့သင်ယူရရှိသည့် နည်းပညာနှင့်ဗဟုသုတများကို မိမိတို့ဒေသရှိအခြားလူငယ်များထံ ထပ်ဆင့်ဖြန့်ဝေပေးခြင်းဖြင့် ဒေသအကျိုးပြုလေကြောင်းပညာရှင်များ ပေါ်ထွက်လာအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် ဤကဲ့သို့ လေ့ကျင့်ပျိုးထောင်ပေးနေခြင်းဖြစ်ရာ သင်တန်းသား/သူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝစွာဖြင့် ခေတ်စနစ်နှင့်အညီ တိုးတက်နေသော ပညာရပ်များကို မျက်ခြေမပြတ် လေ့လာသင်ယူကာ ရှေ့သို့ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦးက လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာပညာရပ်များကို စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ကာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ စိတ်ဓာတ်စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလေကြောင်းလူငယ်သင်တန်းအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မကွေးလေတပ်စခန်း ဌာနချုပ်မှူးထံ ပေးအပ်ခဲ့သည်။

ထို့‌နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင်အသုံပြုမည့်သင်ကြားမှု၊ သင်ယူမှုထောက်ကူပစ္စည်းများနှင့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းကို (၂၇-၄-၂၀၂၆) ရက်မှ (၁၅-၅-၂၀၂၆)ရက်နေ့အထိ ရက်သတ္တ(၃) ပတ် (စနေနေ့အပါအဝင်) မကွေးလေတပ်စခန်းဌာနချုပ် (မကွေးသင်တန်းစခန်း)တွင် စခန်းသွင်းသင်ကြား ပို့ချသွားမည်ဖြစ်ပြီး၊ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှုအခြေခံသဘောတရား၊ လေယာဉ်စက်အုံတည်ဆောက်မှု အခြေခံများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်းနှင့်  သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)