ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

ဆင်ပေါင်ဝဲ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၈) ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်ရင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၈) ကာကွယ်ရေးပစ္စည်းရေး စက်ရုံ၊ စက်ရုံမှူး ဗိုလ်မှူးကြီး မင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းမှ အမှာစကားပြောကြားသည်။

ဆက်လက်၍ တက်ရောက်သည့် သင်တန်းသားများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ် ငါးသိန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းသားဦးရေ ၈၇ ဦး တက်ရောက်ခဲ့ကာ ယနေ့မှစပြီး ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)