သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့၌ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်

သဲကုန်း ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်မြီးဆွဲမြို့၊ မြို့ပေါ်ရပ်ကွက် (၂) ခုရှိ ပြိုကျပျက်စီးခဲ့သော နေအိမ်ရှိ အိမ်ထောင်စုများနှင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်များရှိ အိမ်ထောင်စုများအား ယနေ့နံနက် (၁၁) နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ငွေ (၁၀၀၀၀၀) ကျပ်နှင့် ငွေကျပ် (၁၀၇၆၇၈) တန်ဖိုးရှိ (ကယ်ဆယ်ရေးပစ္စည်းများ) ၊ အမိုးလန်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး နေအိမ်တစ်လုံးလျှင် ငွေ (၅၀၀၀၀) ကျပ်နှုန်းဖြင့် ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဆန်ရိက္ခာဖိုး (၆၀၀၀၀) ကျပ်အား လေဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)