ကယားပြည်နယ်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား လာရောက်လည်ပတ်သူများပြား

ရွာသစ် ဇန်နဝါရီ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား ရုံးပိတ်ရက်ကာလနှင့် အခြားသော နေ့ရက်များတွင် ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်းကားနေ ကြောင်း သိရသည်။

ရွာသစ်မြို့ရှိ သဘာဝရေတံခွန်သည် ရွာသစ်-တာဆန်းလဲ စက်လှေဆိပ်အထိ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ မော်တော်ကားဖြင့် သော်လည်းကောင်း လာရောက်ပြီး တာဆန်းလဲ စက်လှေဆိပ်ကမ်းမှ တစ်ဆင့် သံလွင်မြစ်ကမ်းတစ်လျှောက် စက်လှေဖြင့် ရေတံခွန်ရောက်သည်အထိ (၄၅)မိနစ်ခန့် စက်လှေစီးရကြောင်း သိရသည်။

စက်လှေစီးပြီး သံလွင်မြစ်၏ နောက်ခံ တောင်တန်းသဘာဝရှုခင်းများ၏ အလှတရားများကို ခံစားသလို သဘာဝအတိုင်း လှပနေသော ရေတံခွန်အား မိသားစုလိုက်၊ မိတ်ဆွေသူငယ်ချင်းများ၊ အဖွဲ့လိုက်ဖြင့် လာရောက်၍ အပန်းဖြေလည်ပတ်ကြကြောင်း၊ ခရီးသွားများ အနေဖြင့်လည်း အထူးနှစ်ခြိုက်ကြ ကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)