ပေါင်းတည် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဧပြီလ ၂၆ ရက်နေ့လယ်ပိုင်းက မဟာဝိသုတာရာမ စာသင်တိုက်တွင် နဝမအကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
ကြွရောက်လာကြသည့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ၊ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာဦးစီးမှူးများနှင့် ကော်မတီဝင် ပြည်သူများနှင့်အကျိုးတော်ဆောင် ရပ်ရွာပြည်သူများက ဩကာသ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ အစည်းအဝေးကို စတင်ကျင်းပသည်။
ဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္တိမာက အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်နှင့်မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ စာအောင်ဆုချီးမြှင့်နိုင်ရေးတို့အတွက် ဩဝါဒအမှာစကားမြွက်ကြားသည်။
ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်များ၊ တက်ရောက်လာကြသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကျင်းပရေး ကော်မတီဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလျှောက်ထား တင်ပြကြကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က တင်ပြလျှောက်ထားမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့်အတည်ပြုခြင်းများ ဆောင်ရွက်ကာ ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့များ၊ စေတနာရှင်ပြည်သူ ပူးပေါင်းအဖွဲ့များဖြင့် ဆရာဒကာညီညွတ်စွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
ရွှေသား(IPRD)