ကသာ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သပြေပင်ကျေးရွာရှိ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ယမန်နေ့က မြို့နယ် ကြီးကြပ်မှုကော်မတီ အဖွဲ့များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှ ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်းသည် မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ အတိုးရငွေ၏ (၅၀) ရာခိုင်နှုန်းဖြင့် ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာ၏ ရွာအဝင် ရွာဦးလမ်းပိုင်းမှ ရွာတွင်းလမ်းပိုင်း အရှည် (၂၆၄၀) ပေ၊ အကျယ် (၁၄) ပေနှင့် အမြင့်ထု (၆) လက်မရှိသည့် သဲကျောက်လမ်းဖြစ်ကြောင်း၊ ထိုသို့သွားရောက် စစ်ဆေးရာတွင် ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများနှင့် ကျေးရွာမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကသာမြို့နယ်၊ စကားကုန်းကျေးရွာအုပ်စု၊ သပြေပင် ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရာတွင် ပဉ္စမအကြိမ်အထိ အတိုးရရှိငွေကျပ်(၃၄၁)သိန်းကျော် ရရှိရာ အဆိုပါ အတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် သဲကျောက်လမ်းခင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါကျေးရွာ၌ ယခင်နှစ်များတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ငွေကျပ်(၂၅) သိန်း တန်ဖိုးရှိ ကျောင်းဆရာ/ဆရာမ နေအိမ်များ တည်ဆောက်ခြင်းနှင့် ငွေကျပ်(၃၀)သိန်းတန်ဖိုးရှိ အ.ထ.ကကျောင်းခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မြစိမ်းရောင်လည်ပတ် ရန်ပုံငွေ၏ အတိုးရငွေများမှ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင်(ကသာ)