နတ်မောက် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် ရုံးစာရေးသားနည်းအခြေခံများကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်စေရန်ရည်ရွယ်၍ ရုံးဝန်ထမ်းများအား ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက်၁၀နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းခွင်အတွင်းအစီရင်ခံစာများ၊ ရုံးစာများရေးသားရာ၌ ရုံးသုံးဘာသာစကားဖြင့် စနစ်တကျရေးသားတတ်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်အတွက် သင်တန်းကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ရုံးသုံးအသုံးအနှုန်းတွင် အမှားများလေ့ရှိသောသတ်ပုံနှင့်ဝါကျတည်ဆောက်ပုံ၊ စာဝင်စာထွက်လက်ခံဆောင်ရွက်ပုံနှင့် စာတွဲထိန်းသိမ်းနည်းများကိုသင်ကြားခဲ့ရာ ဌာနရှိဝန်ထမ်းများက ရုံးစာရေးသားနည်းကို စိတ်ပါဝင်စားစွာလေ့လာသင်ကြားခဲ့ကြ ကြောင်းသိရသည်။
လှဝင်း