မှော်ဘီ ဧပြီ ၂၇
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူဦးနေမျိုးလှိုင်၏ (၁၀) ဧက၌ နွေစပါးစိုက်ခင်းတွင် တောင်သူများပါဝင်သော ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော နွေစပါးစံပြစိုက်ပျိုးကွက် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက စပါးထုတ်လုပ်နိုင်ရေးအတွက် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်း၊ သီးနှံစိုက်တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းတွင်ပိုးမွှား၊ ပေါင်းကျရောက်မှုအား အမြဲမပြတ်ကြိုတင်ကင်းထောက်စစ်ဆေးခြင်း၊ အပင်သက်တမ်းအလိုက်ကျ သောဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နင်းနည်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးကိုလိုအပ်မှသာ အသုံးပြုခြင်း၊ ပိုးသတ်ဆေးအုပ်စုတစ်မျိုးထဲကို ဆက်တိုက်မသုံးစွဲဘဲ အခြားပိုးသတ်ဆေးအုပ်စုများနှင့် အလှည့်ကျပြောင်းလဲအသုံးပြုခြင်း၊ သုံးစွဲမှုအကြိမ်အရေအတွက် မလျော့ချခြင်း၊ အဝါရောင်နှင့် အပြာရောင်ပိုးဖမ်းတောင်ခြောက်များ အသုံးပြုခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံရိတ်သိမ်း/ခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ကာလ (Pre Harvest Interval - PHI) တို့အား တိကျ စွာလိုက်နာ၍ ပညာပေးစံပြကွက်ဆောင်ရွက်ခဲ့သည့်အပေါ် တောင်သူများ လိုက်နာလက်ခံကျင့်သုံးနိုင်ရေးပြောကြားခဲ့သည်။
ထို့နောက် တောင်သူဦးနေမျိုးလှိုင်၏ လယ်ကွင်းအမှတ် (၆၆၅)၊ ဦးပိုင်အမှတ် (၄၃) ၏ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သောနွေစပါး စိုက်ပျိုးကွက်အား ရိတ်သိမ်းခဲ့ရာ စပါးမျိုးတစ်ဧကလျှင် အစို (၁၃၂) တင်းအခြောက် (၁၂၈.၉၂) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ပညာရှင်ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ပညာပေးဝန်ထမ်းများ၊ ညောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်အေးအေးပိုင်နှင့် သီးနှံစိုက်တောင်သူများ တက်ရောက်ခဲ့ပြီးထွက်ရှိလာသော သီးနှံများ၏ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၏ ISO/IEC 17025 နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိထားသော စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပညာပေးစံပြကွက်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းဇော်