ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ဘားအံ ဧပြီ ၂၆

(၂၀၂၆)ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (World Immunization Week) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

အဆိုပါ (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ဧပြီလရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ ကျင်းပခြင်းဖြစ်ပါကြောင်း ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ်၏ဆောင်ပုဒ်မှာ “For Every generation, vaccines work” “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” ဟူ၍ ဖြစ်ပြီး ပြည်သူအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်လို့ရသော ရောဂါများကြောင့် ဖြစ်ပွား၊ သေဆုံးမှုမှ တားဆီးပေးနိုင်ကြောင်း နိုင်ငံ တော်အစိုးရအသစ်ကာလတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးသည် အရေးကြီးသည့် ကဏ္ဍအဖြစ်ပါဝင်၍ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်အတူ ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်တိုင်းကို အကာကွယ်ပေးနိုင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် (၂၀၂၆) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် Documentary Story နှင့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” တေးသီချင်း Vedio Clip အား ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီများအား ခြိုးခြံချွေတာသုံးစွဲစေခြင်းဖြင့် ဖူလုံမှုရရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အနေဖြင့် ဧပြီလ ၂၃ ရက်နေ့မှ စတင်ပြီး စက်သုံးဆီအရောင်းဆိုင်များ၌ QR နှင့် Barcode စနစ်ဖြင့် စက်သုံးဆီများကို စက်စွမ်းအားအလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား QR နှင့် Barcode စနစ်ဖြင့်ရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များ အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလားတူ ကရင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်‌ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကိုလည်း ကရင်ပြည်နယ် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ရည်မှန်းချက်အဖြစ်ထားရှိပြီး နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ ပြည်နယ်၏ ဂျီဒီပီ တိုးတက်ရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးကြောင့် ထိခိုက်မှုများမှ ပြန်လည်ထူထောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအပါအဝင် လျှပ်စစ်ကဏ္ဍနှင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးရေးဆွဲထားပြီးဖြစ်သည့်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို စနစ်တကျအကောင်အထည်ဖော်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်း၊ စီပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ်(၃,၈၆၆.၈)ဘီလီယံ အကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ (၂.၃) ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်း ထားပါကြောင်း၊ လယ်ယာကဏ္ဍကြီးတွင် (၀.၈) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် (၃.၀) ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် (၃.၀) ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား ကိုယ်စားလှယ်များဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများအားဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား တာဝန်ပေးအပ်ပြီး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍရေးဝန်ကြီးက စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများကိုယ်စား ဘားအံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္က္ကဋ္ဌအား ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဘတ်ဂျက်သာမက ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်မှုကိုလည်း ငွေကြေးသုံးစွဲမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို လစဉ် အစီရင်ခံစာများပြုစုတင်ပြပြီး၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအားပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး ကော်မတီများက ဟန်ချက်ညီညီ အချိတ်ဆက်မိမိ ပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။

ပြည်နယ် (ပြန်/ဆက်)