အုတ်ဖိုမြို့နယ်တွင် အားကစားပစ္စည်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

အုတ်ဖို ဇန်နဝါရီ ၁၅                                                            

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ အုတ်ဖိုမြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီနှင့် အားကစားကလပ်များအား သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ် ခြင်း အခမ်းအနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားရာ လူငယ်များ အားကစားလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင် ကစားကြရန်၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအပါအဝင် ကော်မတီ အဖွဲ့ဝင် များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းအား/ကာ ညွှန်ကြားရေးမှူး ဦးစိုးအောင်တို့မှ အားကစားပစ္စည်း များကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လက်ခံ ရယူခဲ့ကြပြီး ဦးကျော်ဇင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)