ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အစိုးရသစ် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခြင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး အစည်းအဝေးတက်ရောက်

ဘားအံ ဧပြီ ၂

နိုင်ငံတော်အစိုးရအသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် ဘားအံမြို့ လွန်းညကျေးရွာ၊ လွန်းညဘေးမဲ့တိုက်ကျောင်းဓမ္မာရုံတွင် ကွင်းဆင်း၍ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် လွန်းညဘေးမဲ့တိုက်ကျောင်းဆရာတော် ဦးဝါရိန္ဒအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အစိုးရသစ် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်လျက်ရှိသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောကြား၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများလက်ဝယ်အရောက်ပေးအပ်ကာ လွန်းညကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ပြီး အဆိုပါဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လွန်းညကျေးရွာတွင် ဒေသခံပြည်သူများအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး အသက် ၁၀ နှစ်ပြည့်ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများနှင့်တစ်ပါတည်း Unique ID (UID) ကောက်ယူခြင်းလုပ်ငန်း (နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီ၏  Biographic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး ဂဏန်း(၁၀)လုံး ပါဝင်သော  Unique e ID (UID) နံပတ်ပေးခြင်း) လုပ်ငန်းများအား  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ အမြဲမပြတ်လည်ပတ်စီးဆင်းနေစေရေး ကြိုးပမ်းဆောင်ရွက်နိုင်မှသာ ပြည်နယ်၏ကုန်ထုတ်လုပ်မှုနှင့် GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်လာသူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းလုပ်ကိုင်ရန်တင်ပြထားသည်များကို SOP နှင့်အညီ ထုတ်ပေးနိုင်ရေး တင်ပြဆွေးနွေးပေးကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးခွင့်ပြုပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ချေးငွေရယူလိုကြောင်း တင်ပြလာသည့်အပေါ် သက်ဆိုင်ရာဌာနများအလိုက် မြေပြင်ကွင်းဆင်းလေ့လာစိစစ်ပေးနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးသီးနှံ၊ ချည်ပေါင်ဖာလာသီးနှံ၊ မိုး(ပဲတီစိမ်း)သီးနှံ၊ ဆောင်း(မြေပဲ)၊ ဆောင်း(နှမ်း)နှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ သီးနှံအထွက်နှုန်းနှင့် တိုးတက်ထုတ်လုပ်မှုအခြေအနေ၊ ရန်ပုံငွေပြန်လည်ပေးဆပ်မှုအခြေအနေ၊ မတည်ထောက်ပံ့ငွေရယူထားသော သမဝါယမအသင်းများ၏ထုတ်လုပ်မှုအခြေအနေ၊ ဥအမျိုးမျိုး၊ အသားနှင့်ငါးကဏ္ဍဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများက သက်ဆိုင်ရာခရိုင်များအလိုက် ချေးငွေတင်ပြထားရှိမှု၊ ထုတ်ချေးဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME၊ ကုန်ထုတ်/သမဝါယမ အသင်းများ၏လုပ်ငန်းဆောင်ရွက်မှု၊ အရင်း၊ အတိုးပြန်လည်ပေးသွင်းမှုများကို ရှင်းလင်းတင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)