ရွှေဘို ၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုများအတွက် အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးခြင်းကို ဇနါနဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ (၂)နာရီက ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူးတာဝန်များမှာ လာမည့် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးတော့ မည်ဖြစ်သောကြောင့် ဧပြီလ (၁)ရက်နေ့မှ စတင်ကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသစ်များကို တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ် ခန့်အပ် တာဝန်ပေးနိုင်ရေး၊အဆိုပါ ကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသောင်းဟိန်းက ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဥပဒေ ၊နည်းဥပဒေပါ အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ အုပ်ချုပ် ရေးမှူးသစ် ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ် အဆင့်ဆင့်တို့နှင့်ပတ်သက်၍ လည်းကောင်း ပူးပေါင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ရွှေဘိုမြို့နယ်နှင့် ကျောက်မြောင်းမြို့တွင် မြို့ပေါ်(၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၂)အုပ်စုဖြင့် လူဦးရေပေါင်း(၂၇၄၅၄၈) ရှိကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)