မြိတ် ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ယခုနှစ်တွင် မန္တလေးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားရုပ်ပွားတော်အား (၇၅)ကြိမ်မြောက်အဖြစ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ပြသာဒ် မော်တော်ယာဉ်ဖြင့်ပင့်ဆောင်၍ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်ပူဇော်ကြသည်။
ကဆုန်ညောင်ရေ သွန်းလောင်းပွဲကျင်းပရန် ဒီပင်္ကရာမြတ်စွာဘုရားရုပ်ပွားတော်အား မြို့တွင်းလှည့်လည်ပူဇော်ရာတွင် သာသနာ့အလံကိုင်အဖွဲ့၊ ဥပါသကာများ၊ ဓမ္မစင်္ကြာအဖွဲ့၊ ဓမ္မတေး (မော်တော်ယာဉ်များ)ခြံရံလျက် ရုပ်ပွားတော်အား ပြဿဒ်မော်တော်ယာဉ်တွင် ပင့်ဆောင်ကာ မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ပူဇော်ရာ လမ်းတလျှောက်လမ်းဘေး၀ဲယာတွင် ပြည်သူအပေါင်းတို့မှ ပန်း၊ ရေချမ်းများ၊ အမွှေးနံ့သာ ကပ်လှူပူဇော်ခြင်း၊ အမွှေးနံ့သာရေများ လှူဒါန်းခြင်း၊ အလှူငွေများ လှူဒါန်းခြင်းဖြင့် ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသည်။
ဒီပင်္ကရာမြတ်စွာဘုရား ရုပ်ပွားတော်မြတ်အား မြို့တွင်းလှည့်လည်ပင့်ဆောင်ပူဇော်၍ ကန်ဖျားရပ်ကွက် ဓမ္မာရုံယာယီစံကျောင်းတော်တွင် (၂)ရက်ကြာ ရေသွန်းလောင်းပူဇော်ကြမည်ဖြစ်ပြီး မန္တလေးကျောင်းတိုက်အတွင်း ငါးရက်တိုင်တိုင် ဧပြီ(၂၇)ရက်မှ မေလ(၁)ရက်အထိ သစ်သီးဆွမ်းကပ်လှူခြင်း၊ အလှူငွေများလှူဒါန်းခြင်း၊ ကုသိုလ်ပြု အမွှေးနံသာများကပ်လှူပူဇော်ခြင်း၊ ရေများသွန်းလောင်းပူဇော်ကြမည် ဖြစ်သည်။
ကဆုန်လညောင်ရေသွန်းပွဲတော်ကို မြိတ်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာဖြင့်ပူဇော်ခြင်း၊ ရေသွန်းလောင်း၍ပူဇော်ခြင်း၊ စေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးပူဇော်ထားသော ဗောဓိပင်များတွင်လည်း ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ပြည်သူများအနေဖြင့် မော်တော်ယာဉ်များဖြင့် ရေစည်များတင်ဆောင်ကြပြီး ရေသွန်းလောင်းပူဇော်ကြခြင်း၊ စေတနာရှင်များက ရေလှူဒါန်းကုသိုလ်ယူခြင်းဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော ကြည်နူးဖွယ်ရာဓလေ့တစ်ခုဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)