ဘားအံ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ကမော့ကပို မျိုးစေ့ခြံတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သော Green House တည်ဆောက်ခြင်းနှင့် အစက်ချရေ ပေးစနစ် Demonstration Farm (၄) ဧက လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရ သည်။
လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး H.E.Mr Ronen Gilorက အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် Green Houseနှင့် Demonstration Farm ၄ ဧက တည်ဆောက်ပြီးစီးမှုအား သံအမတ်ကြီးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ကာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအစီအစဉ်များအား သီးနှံအတွက် လိုအပ်သောရေနှင့် သွင်းအားစုများကို စနစ်တကျ အသုံးပြုတတ်စေရန်အတွက် အထိရောက်ဆုံးသော နည်းပညာဖြင့် ဆောင်ရွက်မှုအား တောင်သူများ ကိုယ်တိုင်မြင်တွေ့ သိရှိလာနိုင်စေရန်နှင့် ဟင်းသီးဟင်းရွက်များ ခေတ်မီစိုက်ပျိုးနည်း ပညာများအား သိရှိလိုက်နာလာနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်တာဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများက ကမော့ကပို မျိုးစေ့ခြံ အတွင်းရှိ ဒေသဆိုင်ရာဖွဲ့ဖြိုးရေးစီမံကိန်းဖြင့် ပြုလုပ်သော အဆိုပါဆောင်ရွက်ထားမှု များအား လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)