ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဧပြီ ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိပြီး ရေတိုက်စားမှုကြောင့် လူနေအိမ်ခြံဝင်းများ၊ ဥယျာဉ်ခြံမြေစိုက်ခင်းများ၊ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ဖြင့် သံလွင်မြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် Porcupine (၈၅ပေx ၂၅၀ ပေ)၊ ၊Porcupine(၇၀၀)ခု၊ Porcupineရေကာ (၅၀၀ပေ x ၇၀ပေ)၊ Geo Bag ကမ်းထိန်း(၆၀၀)ပေ၊ Porcupine (၃၀၀ပေ x ၇၀ပေ)၊ သဲစုပ်သောင်တူး၍ မြေဖို့ခြင်းလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Geo Bag ရေကာ(၂၀၀)ပေ၊  မျောရေကာ(၁၅၀)ပေ၊ သဲစုပ်သောင်တူးဖို့ခြင်း၊ Geo Bag မြေထိန်းတမံ (၆၀၀)ပေ(၂)ခု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Bored Pile အခြေပြုကျောက်စီမြေထိန်း နံရံအလျား ၁၀၀၀ ပေ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် လုပ်ငန်းအမျိုးအစား မတူညီသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်း စုစုပေါင်း အလျားပေ ၂၈၀၀ ရှိပြီး ပြည်နယ်ဘဏ္ဍာ ရန်ပုံ ငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး၍ မကြာမီ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ရွှေကင်း(၈)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၁၄၀)ပေ၊ ရွှေကင်း(၇)လမ်းတွင် WellPile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၂၆၀)ပေ၊ ရွှေကင်း (၅) လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၂၀၀)ပေ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဇွဲကပင်ကုန်းအား သန့်ရှင်းသော သောက်ရေ၊သုံးရေများ ပေးဝေဖြန့်ဖြူးနိုင်ရေးအတွက် ကရင်ပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း ၄ လက်မ စက်ရေ တွင်း(၂)တွင်းဖြင့် ဂါလံ ၇၃၀၀ ဆံ့မြေပေါ်ရေလှောင်ကန်တစ်ကန်၊ အမြင့်တင်ရေစင်(၁)ခုနှင့်ရေစက်ရုံတို့ကို ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီး မှုနှင့် ဇွဲကပင်ကုန်းအား နွေရာသီတွင် ရေလုံလောက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကရင်ပရိယတ္တိ စာသင်တိုက်၊ မိဂဒါစိန်ဘုန်းတော်ကြီးကျောင်းတို့တွင် စက်ရေတွင်းများ တူးဖော်ပြီးစီးဖြန့်ဖြူးပေးမည့် အခြေအနေ၊ ကြာအင်းတောင်ခြေ မဟာအတုလရန်အောင်ကျောင်းတွင် တွင်းသစ်တူးဖော်ရန် လျာထားဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)