အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အုတ်ဖို ဇန်နဝါရီ ၁၅                                                             

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပခဲ့ရာ သာယာဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက အခြေခံဥပဒေပုဒ်မ(၂၈၉)မှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အများကြည်ညိုလေးစားပြီး သိက္ခာသမ္မာဓိရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်အပ်ရမယ်လို့ ရွေးချယ်ပြီး ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးစေရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေနှင့်အညီ ရွေးချယ်ဆောင်ရွက်တဲ့အခါမှာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် အများပြည်သူ ကြည်ညိုလေးစားတဲ့ ရပ်ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်နိုင်အောင် ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဦးနေလင်းထွန်းမှ အုပ်ချုပ်ရေးအဆင်ဆင့် ဖွဲ့စည်းမှု အခြေအနေအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစောထွန်းဦးမှ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ဦးစောထွန်းဦး နှင့် ဦးနေလင်းထွန်းတို့က ပြန်လည်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)