မြဝတီ ဧပြီ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက် ၈ နာရီခွဲက တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြဝတီမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊မြို့မိမြို့ဖ ဦးသန်းရွှေနှင့်အဖွဲ့ဝင်များ၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အမှတ် (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ RC (၃)ထပ်အဆောက်အဦး ပညာရေးဝန်ထမ်း အိမ်ယာဆောက်လုပ်မည့်မြေနေရာအားလည်းကောင်း၊ အမှတ် (၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း(မြန်မာနန်း) ကျောင်းဝန်း၌ မီတာ ၄၀၀ အကျယ်အဝန်းရှိသည့် အားကစားကွင်း ပုံဖော်ပြင်ဆင်ခြင်းနှင့် အုတ်စီရေမြောင်း ပြုပြင်ခြင်းကိုလည်းကောင်း၊ အမှတ် (၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ဘက်စုံသုံးခန်းမဆောင်အား ပြုပြင်ခြင်းနှင့်အားကစားခန်းမ ပြင်ဆင်ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ မြဝတီမြို့၏ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြင်ဆင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)