လိပ်သို ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံးမှ ၀န်ထမ်းများသည် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအောင်သော်မြင့် ဦးဆောင်သော ၀န်ထမ်းများနှင့်ပူးပေါင်း၍ လိပ်သိုမြို့ ကော်ဖီနည်း ပညာဖွံ့ဖြိုးရေးခြံတွင် ကော်ဖီနည်းပညာခြံ ၀န်ထမ်းများ၏ အကူအညီဖြင့် ယမန်နေ့နံနက် က ကုန်းမြင့်ကော်ဖီ (ARABICA) မျိုးအား စံကွက်ရိတ်သိမ်း ဆွတ်ခူးခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်း ဆွတ်ခူးရာတွင် ကောင်းမွန်စွာ ရင့်မှည့်နေပြီဖြစ်သော ကောင်း၊ သင့် ၊ ညံ့ ကော်ဖီပင် (၃) ပင်ကို တစ်ပင်ပါ ပျမ်းမျှ အထွက်နှုန်း သိရှိအောင် ရွေးချယ်ကာ (၃) ပင်လုံးကို (၃) ကြိမ်ဆွတ်ခူး ရေတွက် ချိန်တွယ် တွက်ချက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်း ဆွတ်ခူးမှု (၃) ကြိမ်ပြုလုပ်ပြီးလျှင် တစ်ဧက အထွက်နှုန်းကို သိရှိရခြင်း၊ ကော်ဖီအထွက် နည်းသော အပင်များ၊ အထွက်ကောင်းသော အပင်များ ထွက်ပေါ်လာပြီး လိုအပ်ချက်များကို သိရှိရကာ ကော်ဖီပင်ကို နည်းစနစ်မှန်ကန်စွာ ပြန်လည် ပြုစုထိန်းသိမ်းနိုင်ခြင်းနှင့် ဒေသခံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအား ဒေသနှင့် လျော်ညီသော နည်းစနစ်များကို ပိုမိုမှန်ကန်စွာ အသိပညာပေးနိုင်ပြီး အနာဂတ်တွင် အရည်အသွေးမြှင့် ကော်ဖီများ စိုက်ပျိုးထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း လိပ်သိုမြို့ ဦးစီးမှူး ဦးအောင်သော်မြင့် ထံမှ သိရှိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)