တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာသစ် (စတုတ္ထ)မြောက်လူနာ (အမျိုးသမီး)တစ်ဦးထပ်မံတွေ့ရှိ

တနင်္သာရီ ဇန်နဝါရီ  ၁၅

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်၊  သိန်ခွန်းကျေးရွာအုပ်စု  အလက-သိန်ခွန်း ကျောင်း Quarantine Centre အတွင်း ဇန်နဝါရီလ(၁၁)ရက်နေ့မှစ၍ Ficility Quarntine အသွား အလာ ကန့်သတ်စောင့်ကြပ်ထားရှိသူ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ ပိုးတွေ့လူနာသည် တနင်္သာရီမြို့နယ်တွင် (စတုတ္ထ)မြောက်တွေ့ ရှိသည့် လူနာဖြစ်ကြောင်း  ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ အမျိုးသမီးသည် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မော်လမြိုင်မြို့မှ ဇန်နဝါရီလ ၉ ရက်နေ့က စတင် ထွက်ခွါလာရာ  တနင်္သာရီမြို့နယ်၊ အလက-သိန်ခွန်းကျောင်းသို့ ဇန်နဝါရီလ(၁၁)ရက်နေ့က ရောက်ရှိလာသဖြင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားမှုအရ အဆိုပါကျောင်း၌ အသွားအလာ ကန့်သတ် စောင့်ကြပ်ထားရှိခြင်းဖြစ်ပြီး၊ (၃)ရက်မြောက်နေ့ ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏  လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဆရာများက RDT-Test Kit ဖြင့်သွားရောက်စစ်ဆေးပေးစဉ် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမျိုးသမီးအား မြို့နယ်ပြည်သူ့ဆေးရုံ မှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ချက်ခြင်းသွားရောက်ခေါ်ယူကာ ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့  ဆေးရုံ ကြီးကြပ်ကုသဆောင်သို့ပြောင်းရွှေ့ပြီး (၁၁)ရက်အကြာ စောင့်ကြပ်ကုသပေးထားကြောင်း၊

စိုးရိမ်စရာ/ပြင်းထန်လက္ခဏာများဖြစ်ပေါ်လာပါက မြိတ်ခရိုင်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ကုသမှု ခံယူစေမှာဖြစ်ကြောင်း၊ လတ်တလောမှာ နေကောင်းကျန်းမာ၍ တနင်္သာရီဆေးရုံတွင် စောင့်ကြပ်ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာကြီး ဒေါက်တာအောင်သိုက်ထွန်းက ပြောကြားသည်။

အလားတူ  အဆိုပါ ပိုးတွေ့အတည်ပြုလူနာအား ဆိုင်ကယ်ဖြင့် မြိတ်မြို့သို့သွားရောက်ကြို ဆိုခဲ့သည့် TAXI မောင်းနှင်သူ အမျိုးသားတစ်ဦးနှင့် အဆိုပါ TAXI မောင်းနှင်သူနှင့် အတူနေထိုင်သူ

အမျိုးသားတစ်ဦးတို့ကိုလည်း အနီးကပ် ဆက်စပ်ထိတွေ့သူများအဖြစ် အထက-တနင်္သာရီ Ficility Quarntine အတွင်း (၁၄)ရက်အကြာ ဆက်လက်စောင့်ကြပ်ကြည့်ရှု ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)