အင်္ဂပူ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ဖားအောက်တောရကျောင်းဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစိုးရအသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးသိန်းရင်၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဇော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)