ကျိုက်လတ် ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ဆောင်ရွက်နေမှုများကို ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုအားပေး၍ လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)