ကန်ကြီးထောင့်မြို့နယ်၌ အခမ်းအနားမှူး သင်တန်းဖွင့်

ကန်ကြီးထောင့် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးဦးမျိုးနိုင်က တက်ရောက်လာကြသော သင်တန်းသူဆရာမများအား “အခမ်းအနားတစ်ခုတွင် အခမ်းအနားမှူးတစ်ဦးသည် အလွန်အရေးပါသောကြောင့် ယနေ့သင်တန်းအား စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်၊ လိုက်ပါဆောင်ရွက်ကြရန်” အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါ သင်တန်းသို့ အခြေခံပညာကျောင်းများမှ ဆရာမများ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရှိ ဒေါ်ဇင်မာဦးက “M.C တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ M.C နှင့် ကျန်းမာရေး၊ M.C နှင့် စိတ်ပိုင်းဆိုင်ရာ၊ M.C နှင့် အသံပိုင်းဆိုင်ရာ၊ စကားပြော Style၊ M.C နှင့် မှန်ကန်သော ဝေါဟာရအသုံးပြုမှု၊ M.C နှင့် ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားပြင်ဆင်ထားရှိမှု၊ M.C နှင့် အစမ်းလေ့ကျင့်မှု၊ M.C နှင့် အချိန်ကိုက်ခြင်း”စသည့် အချက်အလက်များအား ဧပြီ ၂၃ မှ ၂၄ ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)