အထက်မင်းလှ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများလုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ညနေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရန်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိုက်စိုးဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြို့နယ်စီမံခန်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်မည့် စီမံချက်ပါလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)