မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေး   ဧပြီ  ၂၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးမြို့ပေါ်မှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် တစ်ခုအပါအဝင်ဖြစ်သော ကဆုန်လပြည့်နေ့သည် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာတွင် ဆွမ်း၊ ဘောစဉ်များ အခက်အခဲမဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများအား ကျင်းပလျက်ရှိသည့်နည်းတူ၊ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲများအား ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းနှင့် စာသင်တိုက် အသီးသီးမှ သံဃာတော်များကို လောင်းလှူသွားမည်ဖြစ်၍ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုနှစ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီမှကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင်များပူးပေါင်းကာ ၁၃၈၈ ခု၊ ကဆုန်လပြည့်၊ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်၌ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းမှ သံဃာတော်(၉၈)ပါးနှင့် သီလရှင်ကျောင်း(၂၄)ကျောင်းမှ သီလရှင်(၂၄)ပါး၊ စုစုပေါင်း(၁၂၃)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်ပြီး၊ နှစ်စဉ်ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲကို မကွေးမြသလွန်ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)