အောင်လံ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် အပူရှိန်အလွန်အမင်း မြင့်တက်နေမှုကြောင့် ပြည်သူများ အပူဒဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ယနေ့တွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့ပေါ်လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အပူလှိုင်းနှင့်ပတ်သက်သည့် သတိပေးချက်များ၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ရာတွင် နေ့လယ် (၁၁) နာရီမှ ညနေ (၄) နာရီအတွင်း နေရောင်ခြည်အောက်သို့ တိုက်ရိုက်ထွက်ခွာခြင်းမှ ရှောင်ကြဉ်ရန်၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်မခမ်းခြောက်စေရန် ရေနှင့် ဓာတ်ဆားရည်များကို ခပ်စိပ်စိပ်သောက်သုံးရန်၊ အပြင်ထွက်ပါက ထီး၊ ဦးထုပ်များ ဆောင်းသွားရန်နှင့် အပူဒဏ်ခံနိုင်သော အဝတ်အထည်များ ဝတ်ဆင်ရန်၊ အပူဒဏ်ကြောင့် မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် ကြွက်တက်ခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသရန် စသည်တို့ကို တိုက်တွန်းနှိုးဆော်သည်။
ယင်းသို့ ဆောင်ရွက်ခြင်းမှာ အပူရှိန်ပြင်းထန်သည့် ကာလအတွင်း ပြည်သူများ ကျန်းမာရေး ထိခိုက်မှုမရှိစေရန်နှင့် အပူဒဏ်အန္တရာယ်ကို ဂရုပြုနေထိုင်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)