ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး  (၇၇၉) ဧကစိုက်ပျိုးပြီးစီး

ငဖဲ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး (၇၇၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာထွန်ယက်စိုက်ပျိုး နိုင်ရေးအတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်၍ လက်ဝဲမြောင်းမကြီးမှ (၁၀၇၁) ဧကနှင့် လက်ယာမြောင်းမကြီးမှ ဧက (၂၀၀) စုစုပေါင်း (၁၂၇၁) ဧက လျာထားစိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများသို့ နွေစပါးများစိုက်ပျိုးရန် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီးစီးသည့်စပါးမျိုးများမှာ အောင်နိုင်တိုး (၁၀၁) ဧက၊ မနောသုခ (၁၉၃) ဧက၊ ရတနာတိုး (၆၉) ဧက နှင့် ဆင်းသုခ (၄၁၆) ဧက စုစုပေါင်း (၇၇၉) ဧက လက်ရှိအချိန်ထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများ စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်း၍ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာသန်စွမ်းသောစပါးပင်များရရှိရန်အတွက် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေညှိခြင်း၊ ရေသွင်းရေထုတ်မကြာခဏပြုလုပ်ခြင်း၊ ပေါင်းရှင်းခြင်းနှင့် ဘက်စုံမျှတသော ဓာတ်မြေဩဇာ အသုံးပြုနည်းကျင့်သုံးခြင်း စသည့် တောင်သူအသိပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)