နတ်မောက်မြို့၌ တစ်ပိုင်တစ်နိုင် မကျီးသီးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် မြို့ပေါ်နေ အိမ်ထောင်စုအချို့သည် မိမိတို့အိမ်ခြံဝင်းအတွင်းရှိ မန်ကျည်းပင်များမှထွက်ရှိသော မန်ကျည်းသီးများကို စနစ်တကျဆွတ်ခူး ရောင်းချခြင်းဖြင့် မိသားစုအတွက် အပိုဝင်ငွေများရရှိကြကြောင်း သိရသည်။

နတ်မောက်ဒေသသည် မန်ကျည်းပင်များ ဖြစ်ထွန်းရာဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ မန်ကျည်းသီးပေါ်ချိန်တွင် ဒေသခံများမှ မန်ကျည်းသီးများကို ခူးဆွတ်ကာ နတ်မောက်မြို့စျေးကွက်တွင် မန်ကျည်းအခွံခွာပြီး အစေ့မထုတ်ရသေးသည့် မန်ကျည်းသီးတစ်ပိဿာလျှင် (၂,၅၀၀) ကျပ်၊ အစေ့ထုတ်ပြီး မန်ကျည်းအသားတစ်ပိဿာလျှင် (၆,၀၀၀) ကျပ်နှင့် မန်ကျည်းစေ့တစ်ပိဿာလျှင် (၁,၅၀၀) ကျပ် ရောင်းချရကြောင်း မန်ကျည်းသီးရောင်းချသူထံမှ သိရသည်။

“ကျွန်မတို့နတ်မောက်ဒေသမှာ မန်ကျည်းပင်က အလေ့ကျပေါက်သလို အိမ်ခြံဝင်းထဲမှာလည်းရှိကြပါတယ်၊ အရင်ကတော့ ကိုယ့်ဘာသာကိုယ် စားဖို့လောက်ပဲထားတာပါ၊ အခုနောက်ပိုင်းမှာတော့ မန်ကျည်းသီး အသားစျေးက ကောင်းလာသည့်အတွက် မန်ကျည်းသီးကိုအခွံနွှာ၊ အစေ့ထုတ်ပြီး သန့်သန့်ရှင်းရှင်း ထုပ်ပိုးရောင်းချတဲ့ အခါဝယ်လိုအားရှိတာကြောင့် မိသားစုအတွက် နေ့စဥ်ဝင်ငွေရပါတယ်”ဟု မန်ကျည်းသီးရောင်းချသူ စျေးသာကျေးရွာနေ ဒေါ်ခင်ဌေးရီက ပြောသည်။

လှဝင်း