တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ် ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက နိုင်ငံတော်သမ္မတ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး အဓိကအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းလာပါက ဒေသဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကာ ဒေသဆိုင်ရာစီးပွားရေး လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရသည့်အခါတွင် စေတနာအား လက်ကိုင်ထား၍ လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနတွင်ရှိသော တာဝန်ရှိသူများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဒေသခံပြည်သူများ၏ အကျိုးကိုရှေးရှုပြီး လုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဒေသဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများပြား လာမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်များတွင်ပညာ ရေးအားနည်းနေကို တွေ့ရှိရပြီး ပညာရေးအား ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အားပေးမြှင့်တင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ကျောင်းသား/သူများ၏ အတွေးအခေါ်မြင့်မားလာအောင်၊ ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း၊ အဓိကအနေဖြင့်အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားခဲ့ရသောကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် သားငါးကဏ္ဍ ဖြစ်ထွန်းအောင်မြင် ပြီးစိုက်ပျိုးရေး၊ မွေးမြူရေးအနေဖြင့် အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းပြီးမိုးစပါး၊ ရာဘာ၊ ကိုကိုး၊ ကော်ဖီ စသည်ဖြင့် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြောင်း၊ မွေးမြူရေးတွင် ဥစားကြက်၊ သားစား ကြက်စသည်ဖြင့် ဇုန်များသတ်မှတ်ကာ မွေးမြူပါက ဒေသဝမ်းစာဖူလုံကြောင်း၊ မိမိတို့ဒေသတွင် အလုပ်အကိုင်အခွင့် အလမ်းနည်းပါးသောကြောင့် လူငယ်များက တစ်ဖက်နိုင်ငံသို့ သွား ရောက်လုပ်ကိုင်နေရသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် MSME လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စက်ရုံ၊ အလုပ်ရုံ များတည်ဆောက်နိုင်မည်ဖြစ်သောကြောင့် မိမိဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပြားလာနိုင်ကြောင်း၊ မိမိဒေသမှ ထွက်ရှိသော ရာဘာ၊ ဆီအုန်း များသည် ကုန်ကြမ်းများဖြစ်ပြီးကုန်ချော စက်ရုံမရှိသောကြောင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနေရကြောင်း၊ ဒေသဖွံဖြိုးတိုးတက်အောင် စီမံကိန်းများ ချမှတ်အကောင်အထည်‌ဖော် ဆောင်ရွက်မည်ဆိုပါက မိမိဒေသ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းသောကြောင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း၊ လျှပ်စစ်ကဏ္ဍအနေဖြင့် တိုင်းဒေသကြီးရှိ ခရိုင်/မြို့နယ်များတွင် လျှပ်စစ်မီးအပြည့်အဝ ရရှိနေကြပြီးအချို့နေရာများတွင် ဆိုလာဖြင့် ဆောင်ရွက်ပေးထားသည် များရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီး အပြည့်အဝရရှိရေးကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများအောင်မြင်လာနိုင်ကြောင်း၊ ပြည်သူကို ဗဟိုပြုသော လုပ်ငန်းများကို စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်ပါက အောင်မြင်လာနိုင်ပြီး ပြည်သူက ယုံကြည်ကိုးစားလာအောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် ပြည်သူ၏အကျိုးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနနှင့်ပြည်သူ လက်တွဲလုပ်ကိုင်ဆောင်ရွက်ပါက လုပ်ငန်းများ အောင်မြင်တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက တိုင်းဒေသကြီးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)