ကျွန်းလှမြို့နယ်၌ ဒေသထွက် ထိုင်ဝမ်ခရမ်းချဉ်သီး ဈေးကျ‌သော်လည်း ရောင်းအားကောင်းသဖြင့် ပုံမှန်ဝင်‌ငွေရရှိ

ကျွန်းလှ ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် ကာလတို ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာ ထိုင်ဝမ်ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းသော်လည်း ရောင်းအားကောင်းသဖြင့် ပုံမှန်ဝင်ငွေရရှိနေကြကြောင်း သိရသည်။

“ ဒီနှစ် နွေရာသီမှာ ချောင်းရေတင်ပြီး ထိုင်ဝမ်ခရမ်းချဉ်မျိုး (၂) ထုတ် စိုက်ပျိုးခဲ့ရာ ငွေကျပ်ငါးသိန်းခန့် ကုန်ကျပါတယ်။ ပျိုးထောင်ချိန်မှ သီးနှံပေါ်ချိန်အထိ အမြဲဂရုစိုက်ရတဲ့သီးနှံလည်းဖြစ်ပါတယ်။ စိုက်ပျိုးပြီး တစ်လခွဲခန့်ကြာ အသီးများ စတင်ဆွတ်ခူးရောင်းချရပါတယ်။ အခုအခါ နှစ်ရက်ခြားတစ်ခါကောက်ရင် ပိဿာချိန် ၁၀၀ ကျော်ရပြီး တစ်ပိဿာ ငွေကျပ် ၁၃၀၀ ရောင်းရပါတယ် ” ဟု ရှမ်းစုကျေးရွာ ခရမ်းချဉ်စိုက်ပျိုးသူ ဦးမျိုးထွန်းက ပြောသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း စပါးအပြင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အခြားသီးနှံများစိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)