လွိုင်ကော် ဧပြီ ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စံပြဝက်မွေးမြူရေးခြံနှင့် ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား သရုပ်ပြပညာပေးဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးက အသားတိုးဝက်နှင့် မျိုးဝက်များမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသားတိုးနှင့် မျိုးဝက်မွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က စံပြဝက်မွေးမြူရေးခြံအား မွေးမြူရေးတောင်သူများ အချိန်မရွေး ဝင်ရောက်လေ့လာနိုင်သည်အထိ ဆောင်ရွက်ထားရှိရန်၊ ဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်လိုသူများကိုလည်း ပညာပေးသရုပ်ပြ စည်းရုံးဆောင်ရွက်သွားရန်၊ မွေးမြူရေးလုပ်ကိုင်သူများအား မျိုးကောင်မျိုးသန့်ဝက်များ ဖြန့်ဖြူးနိုင်ရေး ဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူထားရန်နှင့် အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ ကျရောက်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် စံပြဥစားကြက်မွေးမြူရေးခြံ တည်ဆောက်ရန် လျာထားသည့် မြေနေရာကိုကြည့်ရှုပြီး လုပ်ငန်းများ အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ရေနီကန်ကျေးရွာ ပျားလုပ်ငန်းဌာနခွဲ၊ အခြေစိုက်ပျားဘုရင်မ မွေးမြူရေးစခန်းတွင် ပျားများမွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျားမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ရန်၊ ပျားစာလုံလောက်မှုရှိရန်အတွက် လိုအပ်သည့် သီးနှံစိုက်ပျိုးမှုများကို ရာသီအလိုက် ဆောင်ရွက်ရန်နှင့် ပျားရည်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)