အောင်လံ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူများအတွက်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်က ဒေသခံတို့၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးဆောင်ရွက်ရမည့် အစီအမံများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်းကောင်း အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများနှင့်ပတ်သက်၍ လက်ရှိအခြေအနေများကိုတင်ပြခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အထွေထွေညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)