ဝါးခယ်မမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးဆွေးနွေး

ဝါးခယ်မ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၂၁ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမြသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေလွင်မိုးတို့က လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်အစီအစဉ်အနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း၊ မြေငှားဂရန်နှင့် စက်မှုမြေငှား ဂရန်များ၊ အိမ်ထောင်စုဇယား ပုံစံ (၁၀) နှင့် နိုင်ငံသားကတ် မှတ်ပုံတင်ပြုလုပ်ပေးခြင်းများ အပါအဝင် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့သန့်ရှင်းသာယာလှပစေရေးကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်စေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)