အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ပဲခူး  ဇန်နဝါရီ  ၁၅

ပဲခူးမြို့နယ် အောက်စည်တီး(အရှေ့)ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း လက်တွေ့ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မိုးလှိုင်နှင့် အဖွဲ့သည်  ဆိုင်ကယ်ပြင်သင်တန်း လက်တွေ့ဆောင်ရွက်နေမှု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြကျေးရွာ ဆုရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကော်မတီဝင်များနှင့် စာရင်းဇယားများ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုစေရန်အတွက် အောက်စည်တီး (အရှေ့) ကျေးရွာတွင် ဆိုင်ကယ်ပြင်သင်တန်းအား ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး စိတ်ပါဝင်စားသည့် သင်တန်းသား (၂၀)တက်ရောက်ကာ ကျွမ်းကျင်သင်တန်း ဆရာများက စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)