ပွင့်ဖြူ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပန်းနှမ်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက ပန်းနှမ်းသီးနှံ(၃၂၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော ပန်းနှမ်းစိုက်ခင်းများကို ယခုနှစ် မတ်လမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၈ ဒသမ ၈ တင်း ထွက်ရှိကြောင်း သိရသည်။
"ဆောင်းသီးနှံရာသီက ပွင့်ဖြူမြို့နယ်မှာ ပန်းနှမ်း ၃၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဲဒီ စိုက်ပျိုးထားတဲ့ ပန်းနှမ်းဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ပန်းနှမ်းသီးနှံက ဒီဒေသမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် စိုက်ဧကတွေ တိုးတက်မှုတွေ ရှိပါတယ်။ ပန်းနှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးနိုင်အောင် စိုက်နည်းစနစ်နဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့်တွေ ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက ပန်းနှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေးနှင့် မျိုးကောင်း မျိုးသန့်များရရှိရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းနှမ်းကို အထွက်နှုန်းတိုးတက်အောင်စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပန်းနှမ်းကိုပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)