ခါမ်းပါတ် ဇန်နဝါရီ ၁၅
တောင်သူလယ်သမားများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ အဆင်ပြေ ချောမွေ့စွာ သယ်ယူ ပို့ဆောင် နိုင်ရေးအတွက် တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ တိန်းကယားကျေးရွာအုပ်စု၊ တိန်းကယား (ချင်း) ကျေးရွာတွင် လယ်ယာကုန် ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဖောက်လုပ်ရာတွင် ကုန်ထုတ်လမ်းအရှည် နှစ်မိုင်အား (၁၂) ပေအကျယ်နှင့် နှစ်ပေအမြင့် မြေသား တာဘောင်တင်ပြီး ချောင်းကျောက် ကိုးလက်မထု ခင်းခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းပေါ်တွင် (၁၆'/၁၅'×၁၈'×၆') ပေရှိ ကွန်ကရစ်တံတား နှစ်စင်းအပါအဝင် ကွန်ကရစ်တံတား (၆)စင်းနှင့် (၁.၅' ø၁၈') ရှိ ကွန်ကရစ်ရေပြွန် (၁၀) စင်းတို့ကို ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် (၁၀၄.၀၀) သန်းဖြင့် တင်ဒါ အောင်မြင်သည့် ယုမိုးအိမ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြသည်။
လမ်းဖောက်လုပ်ပြီးစီးသွားပါက တောင်သူ ၃၀ ဦးတို့၏ လယ်မြေဧက ၄၁၇.၀၀ ဧကတို့အတွက် အကျိုးပြု ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။
သားငယ်(ပြန်/ဆက်)